Next on DVB Debate: China-Myanmar Relation

11025151_411286149052169_3780290517199755130_nတရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးဟာ အစပိုင်းမှာပြေလည်မှုမရှိဘဲ အထိအခိုက်
အပွတ်အရှတွေနဲ့သာ ရှိနေခဲ့ပါတယ်။ ပထမမြန်မာနိုင်ငံတော် ပုဂံကို တရုတ်တို့ ကျူးကျော်တိုက်ခိုက်လာခဲ့တဲ့ အချိန်ကစပြီး ၁၉၈၈ လောက်အထိ တစ်ဖက်နဲ့တစ်ဖက် ကောင်းမွန်တဲ့ဆက်ဆံရေးကို မတည်ဆောက်နိုင် ခဲ့ကြပါဘူး။
ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ တရုတ်ဖြူတပ်တွေရဲ့ ကျူးကျော်မှုခံခဲ့ရပြီး နယ်စပ်မြို့သုံးမြို့ကို တရုတ်နိုင်ငံ
ကိုလွှဲပေးခဲ့ရပါတယ်။ ဦးနေ၀င်းလက်ထက်မှာလည်း တရုတ်-မြန်မာ အရေးခင်းဖြစ်ခဲ့ပြီးနောက် နယ်စပ်ဒေသ တစ်လျှောက် ကိုးကန့် ၊ ၀ ၊ ကချင်ဒေသတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ကျောထောက်နောက်ခံပြုပြီး တရုတ်စစ်တပ်နဲ့ထောက်လှမ်းရေးတွေ ၀င်ရောက်နေရာယူခဲ့ကြပါတည်။ ဒီကနေ့အထိလည်း နယ်စပ်ပြဿနာ တွေက အပြီးသတ်သွားတယ်မရှိဘဲ မကြာမကြာပြန်လည်ပြီး တစ်စခန်းထလာတတ်ပါတယ်။
၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာရဲ့ ငြိုငြင်မှုကို
ခံနေရတဲ့အချိန်မှာ မူဝါပြောင်းလာပြီး တရုတ်ကိုဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမျိုး ဖန်တီးလာခဲ့ပါတယ်။ တရုတ်
ရဲ့ ပါဝါဟာ တဖြည်းဖြည်းကြီးထွားလာနေတဲ့အချိန်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အကျိုးစီးပွား
အလိုငှာ မြန်မာအစိုးရကို ကျောပုတ်ဆက်ဆံအကာအကွယ်ပေးပြီး တစ်ဖက်မှာ စီးပွားရေးအရရော၊နိုင်ငံရေး
အရပါ သြဇာလွမ်းမိုးလာပါတယ်။ မြန်မာနိုင်ငံရဲ့ တည်နေရာ၊နယ်နမိတ်အနေအထားအရလည်း မဟာဗျူဟာ
ကျနေတာကြောင့် တရုတ်အနေနဲ့ တချို့နေရာတွေမှာ နိုင်ငံတကာနဲ့အတိုက်အခံလုပ်ပြီး စစ်အာဏာရှင်အစိုး
ရကို အကာအကွယ်ပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဥပမာဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ထောက်ခံပြခဲ့ပါတယ်။
စီးပွားရေးအရကြည့်ရင် ၁၉၈၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၂၅ အတွင်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ ဒေါ်လာသန်း ၅ သောင်းကျော်ရှိပါတယ်။ အဲဒီထဲမှာ တရုတ်ရဲ့ ရင်းနှီးမှုက စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးရှိနေတယ်လို့သိရပါတယ်။ နောင်လာမယ့်နှစ်အနည်းငယ် အတွင်းမှာ လည်း တရိပ်ရိပ်တိုးပွားလာဖွယ်ရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ဘယ်အစိုးရတက်တက် တရုတ်ကိုမှီခိုနေရ လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
၂၀၁၁ ခုနှစ်မှာတက်လာတဲ့ အစိုးရသစ်လက်ထပ်မှာ နိုင်ငံတကာဆက်ဆံရေးမူဝါဒတချို့ အပြောင်းအလဲ
လုပ်လာပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးပြတ်တောက်နေခဲ့တဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ကြိုးစားလာပါတယ်။ ကြိုးစားသလောက်လည်း အနောက်နိုင်ငံတွေရဲ့ အပြုသဘော ဆောင်တဲ့ အမြင်ကြည်လင်မှုကိုရရှိခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံရဲ့မဟာပြိုင်ဘက် အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးဟာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ဒါကို တရုတ်အစိုးရအနေနဲ့ သဘောမတွေ့ခဲ့ပါဘူး။ အလားတူပဲ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ရပ်နားလိုက်ချိန်မှာတော့ တရုတ်ရဲ့ စိုးရိမ်ပူပန်မှုရေချိန် ပိုများလာပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာလည်း ပွတ်တိုက်မှုတွေရှိလာပါတယ်။
မကြာသေးခင် ၉.၂.၂၀၁၅ ရက်နေ့က မြန်မာအစိုးရတပ်နဲ့ ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကို့ကန့်လက်နက်ကိုင် တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ပတ်သတ်ပြီး ၂ နိုင်ငံဆက်ဆံရေးအငြိအစွန်း ရှိလာပြန်ပါတယ်။ မြန်မာ အပေါ် အမေရိကန်ရဲ့ သြဇာကြီးထွားလာမှုကို တုန့်ပြန်တဲ့အနေနဲ့ တရုတ်ဟာ ကိုးကန့်လက်နက်ကိုင်အင်အားစု တွေကို လက်နက်နဲ့ အခြားအကူအညီတွေပေးနေတယ်ဆိုတဲ့ သံသယတွေဟာ မြန်မာအစိုးရမှာကော နိုင်ငံတကာမှာပါရှိနေပါတယ်။
ဦးဖုန်ကျားရှင်ဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့တိုက်ထုတ်ခံရပြီး တရုတ်ပြည်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ အဲဒီအချိန်မှာ တရုတ်မီဒီယာတွေကနေပြီး ဖုန်ကျားရှင်ရဲ့သတင်းကို မကြာခဏထည့်သွင်းဖော်ပြကြပါတယ်။ နိုင်ငံရေးလေ့ လာသူတချို့ကတော့ တရုတ်အစိုးရက ဖုန်ကျားရှင်ကို တပည့်မွေးလိုက်ပြီလို့ ယူဆကြပါတယ်။
တရုတ်အစိုးရကလည်း ဖုန်ကျားရှင်ရဲ့ဘဏ်စာရင်းတွေကို ပိတ်ထားခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာမှ ဘဏ် အကောင့် တွေအားလုံးပြန်ဖွင့်ပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဖုန်းကျားရှင်ဟာ ရှိတဲ့ငွေနဲ့ လက်နက်အင်
အား၊ လူအင်အားပြန်လည်စုစည်းပြီး အခုလအစောပိုင်းမှာ လောက်ကိုင်မှာ အစိုးရစစ်တပ်ကို ၀င်ရောက်
တိုက်ခိုက်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ပြောကြားချက်အရ တိုက်ပွဲမှာ မြန်မာစစ်သား အယောက် ၅၀ ကျဆုံးပြီး
၇၃ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေဘက်မှာတော့ ကျဆုံးသူ ၂၆ ဦးရှိပါတယ်။
လက်ရှိလောက်ကိုင်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီးတော့ အစိုးရနဲ့စစ်တပ်ဘက်က ဒါဟာ အချုပ်အချာအာဏာကိုထိပါးခံရတယ်လို့ ယူဆနေပုံရပါတယ်။ လောက်ကိုင်ဒေသတိုက်ပွဲတွေမှာ ကိုးကန့် တပ်ဖွဲ့ဘက်က တရုတ်ကြေးစား စစ်သားတွေ ပါဝင်နေတယ်ဆိုပြီး ဖေဖေါ်ဝါရီ ၂၁ ရက် နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရစစ်တပ်က စွပ်စွဲထားပါတယ်။
ဒါကို ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကငြင်းဆိုထားပြီး ဒီလိုစွပ်စွဲမှုတွေလုပ်နေတာဟာ လောက်ကိုင်ဒေသတိုက်ပွဲတွေကို ပြည်ပကတရုတ်လူမျိုးတွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျူးကျော်စစ်ပွဲ အဖြစ် အများမြင်လာအောင် လုပ်နေတာဖြစ်တယ်လို့ ဘီဘီစီရဲ့မေးမြန်းချက်မှာ တုန့်ပြန်ဖြေကြားထားတာ ကိုတွေ့ရပါတယ်။
တရုတ်အစိုးရဘက်ကလည်း ဒီလိုစွပ်စွဲချက်တွေအပေါ် ငြင်းဆန်ထားပြီး အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်လို့ နှစ်
ဖက်စလုံး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ တရုတ်ဘက်က လုံခြုံရေးကို မထိပါးဖို့ သတိပေး ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဦးစိန်ဝင်းအောင်က တော့ ဒီလိုလွဲမှားတဲ့ အသံတွေဆက်ပြီး ထုတ်လွှင့်နေရင်တော့ တရုတ်-မြန်မာ ဆက်ဆံရေးက အဟန့်အတား တွေ ဖြစ်စေမယ်လိုဆိုပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာကလည်း တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။ ဒီဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် သူပုန်အုပ်စုတွေရဲ့ တိုက်ပွဲဖြစ်ပြီး ပြည်တွင်းစစ် အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ် ဆိုတဲ့ပြေဆိုမှုတွေလည်းရှိပါတယ်။
ဒါ့ကြောင့် လောက်ကိုင်ဒေသမှာဖြစ်ပွားနေတဲ့ ၂ ဖက်တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး တရုတ်-မြန်မာဆက်ဆံရေးကို
ဘယ်လောက်ထိခိုက်မှုတွေရှိနေလဲ၊ ဘယ်လိုပြောင်းလဲသွားစေနိုင်မလဲ ဆိုတာစိတ်ဝင်စားစရာကောင်းနေပါ
တယ်။
အခုအပတ်အပတ် ဒီဗီဘီ ဒီဘိတ်မှာတော့ အထက်ပါအကြောင်းအရာတွေအပေါ်အခြေခံပြီး “တရုတ်-မြန်မာ ဆက်ဆံရေး ဘယ်ကိုဦးတည်နေလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရှုဒေါင့်အမျိုးမျိုးကနေ ဆွေးနွေးငြင်းခုံသွားကြမှာဖြစ် ပါတယ်။