Next on DVB Debate: Election Campaign

Invitation card for EPI 23

၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်အားဖြင့် ၄ လလောက်ပဲလိုပါတော့တယ်။ လက်ရှိအချိန်ထိတော့
ရွေးကောက်ပွဲဝင်မယ့်ပါတီတွေအနေနဲ့ ကိုယ်စားလှယ်ဘယ်နှစ်ယောက်နဲ့ မဲဆန္ဒနယ်ဘယ်နှစ်ခုမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ တရားဝင်တိတိပပ မထုတ်ပြန်နိုင်သေးပါဘူး။ ဒါကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာလည်း မူတည်နေပါတယ်။ ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း မိမိတို့်ဆီမှာလာရောက်အရွေးခံမယ့် ပါတီကိုယ်စားလှယ်ကို မသိရှိရသေးတဲ့အတွက် ဘယ်သူ့ကိုရွေးချယ် မဲပေးမလဲဆိုတာကို ကြိုတင်လေ့လာစောင့်ကြည့်ဖို့ မဖြစ်နိုင်သေးပါဘူး။

လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့မတူဘဲ ပြည်သူတွေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မရွေးချယ်ဘူး၊ ဘယ်ပါတီက ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာတွေကို အနည်း အကျဉ်းတော့ သိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုကြီးကြီး မားမားမရှိခဲ့ဘဲ မဲပေးခဲ့ကြသလို မိမိတို့ရွေးချယ်လိုက်ပြီး လွတ်တော်ထဲရောက်ရှိသွားတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းရေချိန်ကိုလည်း သိရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံပြည်သူတွေရဲ့ဘ၀ကို မိမိတို့ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လောက်တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့လဲဆိုတာ လွှတ်တော်သက်တမ်း ၄ နှစ်ကျော်ရဲ့လုပ်နိုင်စွမ်းအတိုင်းအဆကိုကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ပြည်သူ့အတွက် အမှန်တကယ် အလုပ်လုပ်နိုင်တဲ့လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ဟာ လက်ချိုးရေလို့ ရနိုင်မယ်ထင်ပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့စာရင်းအရ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူမဲ ဆန္ဒရှင်ဦးရေ ၂၉ သန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က မဲပေးခွင့်ရှိသူ ၂၇ သန်းထက်စာရင် လာမယ့်ရွေးကောက်ပွဲမှာ ၂ သန်းကျော်ပိုများလာတာကိုတွေ့ရပါတယ်။ ဒီမဲဆန္ဒရှင်တွေအပေါ် ရွေးကောက်ခံ
မယ့် ကိုယ်စားလှယ်တွေက ဘယ်လိုကတိစကားတွေပေးလို့ ဘယ်လိုမဲရအောင်လုပ်ဆောင်ကြမလဲဆိုတာနဲ့
မဲဆန္ဒရှင်တွေကကော ဘယ်လောက်ယုံကြည်ပြီး ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေ
ပါတယ်။

ဒါ့ကြောင့် “ရွေးကောက်ခံကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူတွေကြား ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ” ဆိုတဲ့
ခေါင်းစဉ်နဲ့ ပါတီကိုယ်စားလှယ်တွေရဲ့အခြေအနေ၊ မူဝါဒ၊ ယုံကြည်ရမှုနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့
လက်ရှိ ပကတိ ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှု၊ စိုးရိမ်မှု၊ အစွဲကင်းမှု စတာတွေကို ဆွေးနွေးသွားကြမှာ
ဖြစ်ပါတယ်။

အခုအပတ်ဒီဗီဘီ ဒီဘိတ်ကို အကြောင်းအရာ ၂ ခုနဲ့ ၂ ပွဲဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒုတိယပွဲ ခေါင်းစဉ်ကတော့ “၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး ဘယ်လိုအပြောင်းအလဲတွေဖြစ်ပေါ်လာမလဲ” ဆိုတဲ့ခေါင်း
စဉ်နဲ့ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကို ရှုဒေါင့်အမျိုးမျိုး
ကနေ အနီးစပ်ဆုံး ယူဆ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့
သမ္မတဘယ်သူဖြစ်လာမလဲဆိုတာဖြစ်ပါတယ်။ မကြာသေးမီက လွှတ်တော်မှာ မဲခွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆ နဲ့ ၅၉ စ အပါအ၀င် အခြားပုဒ်မ အချို့ကို ပြင်ဆင်ဖို့မဲခွဲတဲ့အခါမှာ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကန့်ကွက်မဲနဲ့ ရှုံးခဲ့ရပြီးနောက် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးဟာ ပိုမိုနက်ရှိုင်းလာပါတယ်။ နောင်တက်လာမယ့်အစိုးရဟာ ပြည်သူလူထုကို ဘယ်လောက် ကိုယ်စားပြုမလဲ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေဟာ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲ ဆိုတာတွေလည်း အပါအ၀င် ဖြစ်ပါတယ်။