Next on DVB Debate: Homeless

I-28-7မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေအပါအ၀င်၊ မြေယာသိမ်းဆည်းခံရမှုတွေ၊ အလုပ်
လက်မဲ့ဖြစ်လာတာတွေနဲ့ စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါမှုတွေကြောင့် ကျေးလက်နေပြည်သူတွေဟာမြို့ပြတွေဆီကို အလျှိုလျှိုတိုးဝင်ရောက်ရှိလာကြပါတယ်။

ဒီအပေါ်မှာ စီးပွားရေးသမားတွေက အိမ်၊ခြံ၊မြေ၊တိုက်ခန်းတွေကို ၀ယ်ယူရင်းနှီးမြှုပ်နှံပြီး ရောင်းချ၊ငှားရမ်း
လာရာကနေ မြို့ပြရဲ့ အိမ်ခြံမြေဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာပါတယ်။ အကျိုးဆက်အဖြစ် သာမန်
လူတန်းစားတွေအဖို့ အဲဒီဈေးနှုန်းတွေကို လက်လှမ်းမမှီတော့ပဲ အိမ်ရာမဲ့ပြဿနာတွေ၊ ကျူးကျော်ပြဿနာတွေ ဟာ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ အဓိကဖြစ်ပေါ်နေပြီး အခြားမြို့ပြတွေမှာ တစ်နေ့တခြားကြီးထွားလာနေ ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျိုးအမြတ်အရှိဆုံးအလုပ်ဟာ အခုလို အိမ်ခြံမြေလုပ်ငန်းဖြစ်နေတာနဲ့ အစိုးရ တာဝန်ရှိသူ
တွေရဲ့အကျင့်ပျက်ခြစားမှုတွေကြောင့် တရားမ၀င်ငွေမဲကိုင်ဆောင်ထားသူတွေဟာလည်း အိမ်၊ခြံ၊မြေလုပ်ငန်း
တွေမှာ အလုံးအရင်းနဲ့ရင်းနှီးမြှုပ်နှံလာကာ ငွေဖြူဖြစ်လာစေဖို့အခွင့်အလမ်းတွေရရှိနေပါတယ်။ ဒါကလည်း
အိမ်ခြံမြေဈေးနှုန်း အဆမတန်ကြီးမြင့်မှုရဲ့ အကြောင်းအချက်တစ်ချက်ဖြစ်နေပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ ၂၀၁၅ အထိဆက်ရှိနေအုံးမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းဟာ စတုရန်းမိုင်ပေါင်း ၂၆၁၂၂၇ မိုင်ကျယ်ဝန်းပါတယ်။ နေထိုင်တဲ့
လူဦးရေကလည်း သန်း ၅၀ ကျော်ပဲရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်လိုက်ရင် တစ်စတုရန်းမိုင်
ပတ်လည် လူနေထိုင်မှုမှာဘင်္ဂလားဒေရှ်က ၂၈၇၀ ယောက်၊ အိန္ဒိယက ၉၅၄၊ တရုတ်က ၃၆၅ နဲ့ ထိုင်းနိုင်ငံ
က ၃၂၇ ယောက်ရှိပြီး မြန်မာနိုင်ငံကတော့ ၁၈၇ ယောက်နဲ့ အနည်းဆုံးဖြစ်ပါတယ်။ အဲဒီလို အာရှမှာရော
ကမ္ဘာမှာပါ မြေအပေါဆုံး လူနေထပ်မှုအနည်းဆုံးတိုင်းပြည်ဟာ အိမ်၊ခြံ၊မြေဈေးနှုန်း အမြင့်ဆုံးဖြစ်နေပြီး၊
အိုးမဲ့ အိမ်မဲ့ အများဆုံးဖြစ်ပါတယ်။ ဒါဟာ စဉ်းစားစရာပါ။

အခုလို အိမ်၊ခြံ၊မြေဈေးနှုန်းပြဿနာနဲ့ အိမ်ယာမဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လက်ရှိအစိုးရအနေနဲ့ မဖြစ်မနေကိုင်တွယ်ဖြေရှင်းရမယ့်အခြေအနေမှာရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က စတင်ပြီး  မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနအနေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်လာခဲ့ကြပါတယ်။ ဒါပေမယ့် တန်းဖိုးနည်းအိမ်ယာတွေရဲ့ ဈေးနှုန်းဟာ ကျပ် သိန်း ၂၀၀ ကျော် ၃၀၀ ကျော်ရှိနေပြီး သာမန်လူ တန်းစား၊၀န်ထမ်းတွေအဖို့လက်လှမ်းမမှီတဲ့ဈေးနှုန်းဖြစ်နေတာ ကြောင့် ပြည်သူတွေအကြား ညည်းတွားသံတွေ ပိုကျယ်လောင်လာခဲ့ပါတယ်။ ဒါ့ကြောင့် တန်ဖိုးနည်းအစား တန်ဖိုးမျှတအိမ်ရာအဖြစ်ခေါ်ဝေါ်ပြောင်းလဲခဲ့ ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနအနေနဲ့ ၄ နှစ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်
တွေမှာ အခန်းပေါင်း ၄၃,၅၀၆ ခန်းရှိမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းတွေကို အကောင်အထည်
ဖော်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေငြာထားပါတယ်။

ဒါကြောင့် ယခုအပတ် ဒီဗီဘီ ဒီဘိတ်မှာ မြန်မာနိုင်ငံရဲ့ အိမ်ယာမဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊
ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ၊ လက်ရှိဖြေရှင်းချက်တွေ၊ အိမ်ယာစီမံကိန်းတွေဟာ ဘယ်လောက်လက်တွေ့ကျ သလဲ၊ စသဖြင့် မတူညီတဲ့အမြင် သဘောထားတွေနဲ့ ဆွေးနွေးငြင်းခုံသွားကြမှာဖြစ်ပါတယ်။