Next on DVB Debate:PR system

လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ NDF ပါတီက အမျိုး သား လွှတ်တော်မှာရော ပြည်သူ့လွှတ်တော်မှာပါ အဆိုပြုတင်သွင်းလာခဲ့ပါတယ်။ PR နဲ့ရွေးချယ်တဲ့အခါမှာ ကိုယ်စားလှယ်တွေ အကုန်လုံး လွှတ်တော်ထဲ ရောက်ပြီးတော့ အမျိုးသား ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပိုပြီး တော့ အာမခံချက်ရှိမယ်လို့ ယူဆတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ဒါကို လွှတ်တော်မှာ လက္ခံဆွေးနွေးဖို့ မဲခွဲ ဆုံးဖြတ်တဲ့အခါမှာ တပ်မတော်သားအမတ်တွေနဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့က ထောက်ခံခဲ့ကြပြီး လက္ခံဆွေးနွေးဖို့ဖြစ်လာပါတယ်။ အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ NLD နဲ့ တိုင်းရင်းသား ပါတီ တချို့က ကန့်ကွက်ခဲ့ကြပေမယ် အရာမထင်ခဲ့ပါဘူး။
မဲအချိုးကျ ကိုယ်စားပြု (PR) စနစ်ဆိုတာဟာ မဲဆန္ဒနယ်တစ်ခုအတွင်း မဲအများဆုံး ရရှိသူက အနိုင်ရရှိတဲ့ ပုံစံမဟုတ်ဘဲ ထောက်ခံမဲ အချိုးကျအပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိတဲ့ပုံစံဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၁၀ ကျော်ရှိတဲ့အထဲက နိုင်ငံပေါင်း ၉၀ ကျော်ဟာ PR စနစ်ကို ကျင့်သုံးနေကြ ပါတယ်။ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း PR စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက ရွေးကောက်ပွဲတွေကို ကျင်းပလာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြုလုပ်
ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲထိ မဲအများဆုံးသူ အနိုင်ရစနစ်ကိုသာ ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ၊ ပြည်တွင်း
ပဋိပက္ခတွေ အဆုံးမသတ်သေးတဲ့ကာလ နဲ့ နိုင်ငံရေးအရှုပ်အထွေးတွေများပြားနေတဲ့အချိန်မှာ ပီအာစနစ်
ကိုကျင့်သုံးဖို့ မသင့်လျှော်သေးဘူးလို့ဆိုပါတယ်။ အလားတူပဲ တစ်ကယ်လို့ ကျင့်သုံးမယ်ဆိုရင်
လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျ စနစ်နဲ့ မဲရလာနိုင်ပြီး မြန်မာ့နိုင်ငံရေးဟာ ပိုမိုရှုပ်ထွေး
လာစရာရှိသလို အိမ်နီးချင်း ထိုင်းနိုင်ငံလို နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မကြာခဏစစ်တပ်အာဏာသိမ်းတဲ့ အခြေအနေတွေရှိလာနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မဲဆန္ဒနယ် အလိုက် မဲအများဆုံးသူအနိုင်ရ စနစ်ကိုအခြေခံ ရေးဆွဲထားတာဖြစ်တဲ့အတွက် အခြေခံဥပဒေပါ အချက်တွေ
အတော်များများကို ပြင်ဆင်ရမယ်လို့ ဥပဒေပညာရှင် ဦးကိုနီက ထောက်ပြထားပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ပါတီပေါင်း ၆၅ ခုရှိနေပြီး PR စနစ် အတည်ဖြစ်ခဲ့ပါက နိုင်ငံရေးပါတီတွေ အများအပြားထပ်မံပေါ်ထွက်လာဖွယ်ရှိနေပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအနေအထားအရ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ ဘယ်လောက်ထိ အဆင့်သင့်ဖြစ်၊မဖြစ်ဆိုတာ နိုင်ငံရေးပါတီတွေ နိုင်ငံရေလေ့ လာသူတွေနဲ့ ပညာရှင်တွေအကြား အကြေအလည်ဆွေးနွေးအဖြေရှာရမယ့် အခြေအနေဖြစ်ပါတယ်။
ဒါ့ကြောင့် အခုအပတ် ဒီဗီဘီ ဒီဘိတ်မှာ “ ဒီကနေ့ မြန်မာနိုင်ငံဟာ PR စနစ်ကိုကျင့်သုံးဖို့ အဆင်သင့်ဖြစ်ပြီလား ” ဆိုတဲ့ခေါင်းစဉ်နဲ့ PR စနစ်နဲ့ FTPT လို့ခေါ်တဲ့ မဲအများဆုံးရသူ အနိုင်ရ စနစ်၊ ဒီစနစ် ၂ ခုမှာ ဘယ်စနစ်က ဒီကနေ့မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးလဲ၊ စနစ် ၂ ခုရဲ့ အာနည်းချက်၊ အားသာချက်၊ ဘယ်လို စိန်ခေါ်မှုတွေရှိလာနိုင်မလဲ … စတာတွေအပေါ် မတူညီတဲ့ အမြင်သဘောထားတွေနဲ့ ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။