Next on DVB Debate: Traffic Policies

10420770_439548849559232_6480486759569272160_n

 

 

 

 

 

မြို့ပြမှာနေထိုင်တဲ့သူ အထူးသဖြင့် ရန်ကုန်နှင့်မန္တလေးမြို့တွေမှာ
နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ သူတို့ရဲ့
နေ့စဉ်ဘ၀သွားလာလှုပ်ရှားမှုတွေမှာ အဓိကကြုံတွေနေရတဲ့ အခက်အခဲပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့
ယာဉ်ကြောပိတ်ဆို့မှုပြဿနာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ မော်တော်ယာဉ် တင်းသွင်းခွင့်ဆိုင်ရာ မူဝါဒတွေပြောင်းလဲလိုက်ပြီးနောက်ပိုင်း လမ်းတွေပေါ်မှာ မော်တော်ယာဉ်တွေစုပြုံရောက်
ရှိလာပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့တာလို့ ယေဘုယျဆိုနိုင်ပါတယ်။
အမှန်တကယ်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးရွားလာစေတဲ့ အခြားအကြောင်းအချက်များစွာရှိပါတယ်။

၂၀၁၁ ကနေ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း တင်သွင်းလာတဲ့ မော်တော်ယာဉ် အစီးရေလေးသိန်းနီးပါး ရှိပါတယ်။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ် တင်သွင်းတဲ့ အစီးရေကတော့ တစ်သိန်းခန့်
ရှိတယ်လို့ အကောက်ခွန်ဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့ကြောင့် မူလရှိနေတဲ့ ယာဉ်
အစီးရေထက် အစီးရေ ၃ သိန်းလောက်ဟာ လမ်းတွေပေါ်ကိုရောက်ရှိလာပြီ အခုလို ယာဉ်ကြောပိတ်
ဆို့မှုတွေ ဖြစ်ပေါ်လာနေတာလို့ဆိုနိုင်ပါတယ်။
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က
‘‘တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကားအစီးရေ ခြောက်သိန်းကျော်ရှိပြီး လေးသိန်းကျော်က ရန်ကုန်မှာ ရှိနေတာဆိုတော့ ယာဉ်အစီးရေ စုပြုံမှုဒဏ်ကို ရန်ကုန်က ခံနေရတဲ့သဘောဖြစ်နေတယ်’’ လို့ သတင်းမီဒီ
ယာတစ်ခုမှာ ပြောဆိုထားပါတယ်။

သက်ဆိုင်ရာအနေနဲ့ ဒီလောက်ပမာဏရှိတဲ့ယာဉ်တွေကို တင်သွင်းခွင့်ပြုပြီး လမ်းတွေပေါ်ရောက်လာခဲ့ပေမယ့် ယာဉ်ကြောကျပ်တည်းမှုမဖြစ်အောင် အဖက်ဖက်က ကြိုတင်တွက်ချက်ပြင်ဆင်ထားမှုတွေ အားနည်းခဲ့ကြပါ
တယ်။
အခုလို ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေဟာ နိုင်ငံတိုင်းမှာ ဖြစ်ပေါ်နေတတ်တဲ့ အခြေအနေဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ကားအစီးရေ၊ လူအရေအတွက်၊ အသုံးပြုနိုင်တဲ့ လမ်းအရှည် အကျယ်
အ၀န်းဟာ အဲဒီနိုင်ငံတွေနဲ့ယှဉ်ရင် အခုလိုယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစရာအကြောင်းမရှိနိုင်တာကြောင့်
ဒါကလည်း စဉ်းစားစရာအချက်ဖြစ်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ အခြားနိုင်ငံတွေနဲ့ မတူတဲ့
အချက်ကတော့ အဲဒီကားအရေအတွက်တွေအားလုံးနီးပါးဟာ သီးသန့်ကားပါကင်လိုနေရာမှာ ရှိမနေဘဲ
လမ်းတွေပေါ်မှာရောက်နေတာဖြစ်ပါတယ်။ အလားတူပဲ လူတွေရဲ့ ယာဉ်စီးကမ်းလိုက်နာမှု အားနည်းတာ
တွေ၊ ရန်ကုန်မြို့မှာဆိုရင် မြို့ပေါ်သွားလာနေတဲ့သူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဘတ်စ်ကား၊ ၂၅ ရာခိုင်
နှုန်းဟာ အိမ်စီးကားနဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရထား ကိုအသုံးပြုစီးနင်းနေရတာတွေ၊ လမ်းဘေးဈေးသည်တွေ
၊ ယာဉ်ထိမ်းရဲမလုံလောက်တာ capacity နည်းပါးတာတွေ၊ မြို့ပြအစီအစဉ်ကောင်းကောင်းမရှိတာတွေ
၊လဘ်ပေးလဘ်ယူမှုရှိနေတာတွေ …. စသဖြင့် အကြောင်းအချက်ပေါင်းများစွာရှိနေပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ အခုလိုအခြေအနေတွေပေါ် တတ်သလောက် နိုင်သလောက် ကိုင်တွယ်ဖြေရှင်း
နေတာကိုလည်း တွေ့နေရပါတယ်။ အားရစရာရှိလားလို့မေးရင်တော့ အားလုံးက အားမရဘူးလို့ပဲဖြေပါ
လိမ့်မယ်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုအများဆုံးနေရာတွေထဲက
လှည်းတမ်းလမ်းဆုံ၊ရွှေဂုံတိုင်လမ်းဆုံ၊ဘုရင့်နောင်လမ်းဆုံ နဲ့ မြေနီကုန်းလမ်းဆုံတွေမှာ ခေတ်မှီခုံးကျော်
တံတား အသစ် ၄ စင်းကို ၄ နှစ်အတွင်းတည်ဆောက်ခဲ့ပါတယ်။ ယာဉ်ထိမ်းရဲအင်အားကိုလည်း ထပ်မံ
ဖြည့်တင်းထားသလို နိုင်ငံတကာအကူအညီ အထူးသဖြင့် JICA အကူအညီနဲ့ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် လုပ်နေတာတွေဟာ ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေကို အမှန်တကယ်မဖြေရှင်းနိုင်သေးဘဲ
ဆေးမြီးတိုနဲ့ကုသလိုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေရှိနေပါတယ်။

ဒါကြောင့် အခုအပတ် ဒီဗီဘီ ဒီဘိတ်မှာ “ တဖြည်းဖြည်းဆိုးရွားလာနေတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ
တွေကို ဘယ်လိုဖြေရှင်းကြမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေ၊ ဆက်စပ်သူတွေ နဲ့ ပညာရှင်တွေက ဆွေးနွေးငြင်းခုံ အဖြေရှာသွားကြမှာဖြစ်ပါတယ်။

Come and join with DVB Debate !

ဆက်သွယ်ရန် – အောင်စိုးထိုက် (၀၉၇၃၂၁၉၂၃၉)
ဇကားဝါအောင် (၀၉၇၉၈၄၅၇၄၉၁)