About the next debate: Education Act

10730902_799650740073428_1432575625271173064_n1

အစိုးရသစ်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးမှာ အရေးတကြီးပြုပြင်ပြောင်းလဲဖို့လိုအပ်တဲ့၊ နှစ်ပေါင်း များစွာစမ်းသပ်မှုတွေအောက်မှာ ထိုးကျသွားခဲ့ရတဲ့ မြန်မာနိုင်ငံအမျိုးသားပညာရေးဟာ တစ်ခုအပါအ၀င်ဖြစ်
ပါတယ်။ ဒီကနေ့အချိန်မှာနိုင်ငံတကာနဲ့ လွန်စွာမှကွာဟနေတဲ့ မြန်မာ့ပညာရေးနိမ့်ကျနေမှုကို ပြန်လည်အဖတ် ဆည်နိုင်ဖို့လိုအပ်နေပါပြီ။
ဒါ့ကြောင့် ပညာရှင်တွေ၊ ကျောင်းသူကျောင်းသားတေ၊ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့
အမျိုးသား ပညာရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ပညာရေး ကော်မတီက ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လွှတ်တော်ထံတင်သွင်းခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနကလည်း အဲဒီအချိန်မှာ တစ်ပြိုင်နက်တင်သွင်းလာ
ခဲ့တဲ့အတွက် အဲဒီဥပဒေနှစ်ခု ပေါင်းစပ်ပြီး ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။ ပြည်သူ့ လွှတ်တော်ကနေတင်သွင်းတဲ့ ဥပဒေကြမ်းပါ အချက်အလက် အများစုကို ပြည်သူ့လွှတ်တော်ကအတည် ပြုခဲ့ ပါတယ်။
အမျိုးသားပညာရေးဥပဒေ ကြမ်းအရ အမျိုးသားပညာရေး ကောင်စီကို ဒုသမ္မတ တစ်ဦးက ဥက္ကဋ္ဌ အဖြစ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေက အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ကျောင်းအားလုံးကို ဥပဒေနှင့် အညီ ဖြစ်စေဖို့ ငါးနှစ်အတွင်း ဆောင်ရွက်မယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် တက္ကသိုလ်သမဂ္ဂတွေဖွဲ့စည်းမှုနဲ့
ပါတ်သတ်ပြီး ကန့်သန့်မှုတွေပါလာပါတယ်။
အဲဒီအမျိုးသားပညာရေးဥပဒေမှာပါတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်အပါအ၀င် တခြားအချက်တွေကို ပညာရှင်တချို့ နဲ့ တက္ကသိုလ်ကျောင်းသားတွေက အပြင်းအထန်ကန့်ကွက်လာကြပြီး ပြင်ဆင်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေမှာ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ဆက်လက် ကျင့်သုံးထားပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်နေတာကြောင့် ဒီဥပဒေကိုသာ ကျင့်သုံးရင် မြန်မာ့ပညာရေး အောင်မြင်မှုရမှာ မဟုတ်ဘူးလို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဒေါက်တာသိန်းလွင်က ပြောပါတယ်။
အစိုးရနဲ့ ပညာရှင်အချို့ကတော့ ဒီကနေ့လိုအခြေအနေမျိုးမှာ ဗဟိုချုပ်ကိုင်မှုကို အတိုင်းအတာတစ်ခုထိ ဆက်လက်ကျင့်သုံးသင့်ပြီး တကယ်လို့ မကျင့်သုံးခဲ့ရင် စွမ်းဆောင်ရည်ကျဆင်းတဲ့စနစ်တွေမှာ စီမံခန့်ခွဲအုပ်ချုပ် မှုတွေကျဆင်းခြင်း၊ လုပ်ငန်းစဉ်တွေကို ပီပြင်ထိရောက်စွာအကောင်အထည်မဖော်နိုင်ခြင်းနဲ့ခြစားမှုတွေကို ထိန်းသိမ်းဖို့ခက်ခဲ့လာနိုင်ခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။
အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကြားကပဲ ဇူလိုင် ၃၀ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
အဲဒီလိုပဲ နိုင်ငံတော်သမ္မတကလည်း စက်တင်ဘာလ ၃၀ ရက်နေ့က လက်မှတ်ထိုးပြီး အတည်ပြုလိုက်တာ
ကြောင့် ကျောင်းသားထုနဲ့ အစိုးရတာဝန်ရှိသူတွေအကြား မကြေလည်မှုတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။
နိုဝင်ဘာလ ၁၂ရက်နဲ့ ၁၃ရက်နေ့တွေမှာတော့ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေး ကို နာရေးကူညီမှုအသင်း သုခခန်းမမှာ ကျင်းပခဲ့ပြီး ဒီမိုကရေစီစံနှုန်းနှင့် ညီသော ပညာရေးဥပဒေတစ်ခု ပေါ်ထွက်လာစေရေးအတွက် ကျောင်းသား ကိုယ်စားလှယ်တွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
နောက် ၂ ရက်အကြာ နိုဝင်ဘာလ ၁၄ ရက်မှာပဲ ရန်ကုန်မြို့ လှည်းတန်းနဲ့ တက္ကသိုလ်တစ်ဝိုက်မှာ ကျောင်း
သားထုဟာ စတင်သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ၄ ရက်အကြာမှာတော့ ပြေလည်မှုမရတာကြောင့် သပိတ်ကို ရပ်နားခဲ့ကြပြီး ရက်ပေါင်း ၆၀ အတွင်း အဆိုပါဥပဒေကို ပြင်ဆင်ပေးဖို့ အစိုးရကိုကြေငြာချက်ထုတ်
တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့အတွက် ဖမ်းဆီးခံရသူ ၂၉ ယောက်
အထိရှိလာခဲ့ပါတယ်။
ကျောင်းသားတွေဟာ သူတို့သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ အတွင်း အစိုးရဘက်က တစ်စုံတရာပြုပြင်
ပြောင်းလဲမှုတွေမလုပ်ခဲ့တာကြောင့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အနေနဲ့ ယခုလ ၂၀ ရက်နေ့ကစပြီး မန္တလေးမြို့ကနေ ရန်ကုန်မြို့အထိ စတင်ချီတက်လာနေပြီဖြစ်ပါတယ်။
ဒီအချိန်မှာတော့ ဒီအပေါ်ကို နယ်ပယ်အသီးသီးက အာရုံစိုက်လာကြပြီး ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေကို
စိတ်ဝင်တစားစောင့်ကြနေကြပါတယ်။
ဒါ့ကြောင့် အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲဖို့ အတွက် ဘယ်လောက် အလုပ်ဖြစ်မလဲ၊ ဘယ်အချက်တွေက ဆိုးကျိုးနဲ့ ကောင်းကျိုး ဖြစ်ပေါ်စေမလဲ၊ ဗဟိုချုပ်ကိုင်မှုကို ဆက်လက်ထားသင့်၊ မသင့် စတာတွေအပေါ် မတူညီတဲ့ အမြင်သဘောထားတွေနဲ့ ယခုအပတ် DVB Debate မှာ ဆွေးနွေး သွားကြမှာဖြစ် ပါတယ်။